...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

အမှတ်တရ ချင်းမိုင်တန်ဆောင်မုန်းည..

တန်ဆောင်မုန်းလပြည့် ချင်းမိုင်လွိုင်းကထုံးပွဲမှာ တောင်ကြီးတိုင်ဆောင်တိုင်လို ညနေပိုင်းမှာ ကားတွေနဲ့ ခုပုံထဲက အတိုင်းလှည့်ကြတယ်။

ချင်းမိုင်မြို့လယ်ကို ဖြတ်ပြီးစီးဆင်းနေတဲ့ နမ့်တိန်းမြစ်ကြီးမှာ မိသားစုလိုက် သူငယ်ချင်း အပေါင်းသင်းအလိုက် ကထုံးလို့ခေါ်တဲ့ ပန်းရယ်၊ဆီမီးရယ် ၊ဖယောင်းတိုင်ရယ် ပါတဲ့ ၄က်ပျောပင်နဲ့လုပ်ထားတဲ့ ဗန်းလေး ကို ကိုယ်စီ ဆီမီးထွန်းပြီး ရေထဲမျောကြတယ်။

ကိုယ့်ရဲ့လက်သည်း ဒါမှမဟုတ် ဆံပင်ကို ထည့်ပြီး ရေထဲ မျောပြီး ပူဇော်ကြ ဆုတောင်းကြတယ် ။ဒါကြောင့်မို့ အဲည နမ့်တိန်းမြစ်ထဲ ဖယောင်းတိုင်မီးလေးတွေ ချောင်းတကြောကို လင်းလက်ပြီးပြည့်နေရော။

အဲညမှာ မီးပုံးပျံလွှတ်ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ အယူရှိုပြီး အဲညမှာ ချင်းမိုင် တစ်မြို့လုံးရဲ့ မိုးကောင်းကင်မှာ မီးပုံးပျံလေးတွေ တစ်ညလုံးနီးပါး လွှတ်တင်ကြတယ် ။

အဲလို တန်ဆောင်မုန်းလပြည့်ည မျိုးမှာဆို မြန်မာလူမျိုး အယူအရ မယ်ဇလီဖူး သုတ်စားကြတယ်။ ဆေးပေါင်းခတဲ့ ညဆိုပြီး ငယ်ငယ်က တန်ဆောင်မုန်း လပြည့်ညဆို မယ်ဇလီဖူး သုတ်စားရတယ် ။ကျမတို့ အိမ်ဘေးနားက အန်တီလင်မယားက သုတ်ကျွေးတယ် ။

ပန့်တကူဆိုပြီးလဲ ပိုက်ဆံတွေ အ၀တ်အစားတွေ ကစားစရာတွေကို ခြံဝန်းထဲ သွားဖွက်ပြီး ကျမတို့ ကလေးအုပ်စု ကလိုက်ရှာပြီး တွေ့ရင်ကံကောင်းတယ် ဆိုတော့ ရရင်အရမ်းလဲ ပျော်တယ် ။ကလေး ပီပီဘာလေးပဲရရ ၀မ်းသာအားရနဲ့ လူကြီးတွေကို ပြေးလာပြီးပြောရ ပြရတာ အမော။

ပြီးတော့ သဘောကောင်းတဲ့ အန်တီတို့ အိမ်ရှေ့မှာ ကျမတို့ ကလေး ၁၀ယောက်ကျော်လောက် ရှိတဲ့ အုပ်စုက သူဌေးမင်းကြီး ပိုက်ဆံကြဲပါဗျို့ ကြဲပါဗျို့ဆိုပြီး အော်ကြတယ် ။ပိုက်ဆံ ကြဲပြီဆိုလဲ ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး ၀ိုင်းအော်ကြတာ ပျော်လဲ အရမ်းပျော် မောလဲ အရမ်းမောနဲ့ အဲည ဘယ်လို ကုန်မှန်းမသိကုန်ခဲ့တယ် ။အဲလို ညမျိုးတွေနဲ့ ဝေးခဲ့တာလဲကြာပြီ ။

ခုတော့လဲ ကထုံးမျော မီးပုံးပျံလွှတ်ပြီး ဖြစ်ချင်တာလေးတွေကို ဆုတောင်းဖြစ်တယ် ။မီးစာမ၀သေးပဲ မလွှတ်တတ်လွှတ်တတ်နဲ့ လွှတ်ပြီး ကိုယ့်မီးပုံးလေး မိုးပေါ်တက်သွားရင် ၀မ်းသာအားရနဲ့ လက်ခုပ်တီးပြီး အော်ရတာ တစ်မျိုးလေးတော့ ပီတိဖြစ်စရာကောင်းပါတယ်။

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........