...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

လူပျင်းလေး အလုပ်ရှုပ်နေတယ်

ဘလောဂ်လေး ဖုန်တက်နေသည် ။
ရောက်လာတဲ့ သူငယ်ချင်းတွေကိုလဲ အားနာပါသည် ။ကြိုးစားပြီးတော့လည်း ရေးပါဦးမည်။
ရေးမယ်ဆိုတဲ့ စိတ်နဲ့ နေ့တိုင်း ဘာတွေ လုပ်နေမှန်းကို မသိတော့ပါဘူး ။
တစ်ရက်တစ်ရက် ဘာတွေ ရှုပ်နေမှန်း မသိအောင် ပါပဲ တစ်ယောက်တည်း မအားဘူးဖြစ်နေတယ်။
ရေးမယ် ဆိုပြီးထိုင်လိုက်ရင်လဲ ဘယ်ကစရမှန်း မသိတာနဲ့ သူများဘလောဂ်တွေ ၀င်လည်ရင်း အချိန်တွေက ကုန်သွားပြန်ရော။
အချိန်တွေကလဲ ကုန်မြန်လိုက်တာ နော်။

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်။

ခုဒီညချမ်းလေးမှာ ကောင်းကင်ယံတခုလုံး ကြယ်တာရာတွေနဲ့ လွှမ်းပြီး အရမ်းပဲ သာယာလှပနေခဲ့တယ်။
အနားမှာ နင်မရှိတဲ့ ခုလိုညချမ်းလေးမှာ နင့်ကိုတမ်းတတဲ့စိတ်နဲ့ လမင်းကြီးကို ငေးပြီး နင့်ကြောင်းထိုင်တွေးရင်း ဒီစာလေး ငါထိုင်ရေးနေဖြစ်တာပါ ။

နင်နေမှ ကောင်းရဲ့လား ။မတူညီကြတဲ့ အလုပ်တွေ ကိုယ်စီနဲ့မို့နင်နဲ့ငါ မတွေ့ဖြစ်ခဲ့တာတကယ် အရမ်းပဲ ကြာလွန်းလှပြီနော် ။
မတွေ့ရတဲ့ ရက်တွေဘယ်လောက်ပဲ ကြာရှည်နေပေမယ့် မပြောင်းလဲတဲ့ ချစ်ခြင်းတွေနဲ့ နင်အလုပ်မှာ အဆင်ပြေရဲ့လား နေမှ ကောင်းရဲ့လား စိတ်ရှုပ်စိတ်ညစ်နေလားဆိုပြီး လားပေါင်းများစွာနဲ့ ငါအမြဲ နင့်အတွက် စိုးရိမ်ပူပန်နေမိတာ နင်သိပါ့မလား။

နင်နဲ့ ပြန်ဆုံမယ့်ရက်ကို သေချာသိမနေခဲ့ပေမယ့် အမြဲ နင်နဲ့ အိပ်မက်တွေမှာ တွေ့ဆုံခွင့်ပေးတဲ့ အလွမ်းအိပ်မက်တွေကို မက်ခွင့်ရပါစေဆိုပြီး ငါဆုတောင်းနေတတ်တာ အကျင့်တခုလိုတောင် ဖြစ်နေပါပြီ ။

သူ..သိပါစေ

ညအချိန်တွေမှာ မိုးကောင်းကင်ကြီးကို မျှော်ငေးကြည့်မိတိုင်း ဘယ်လောက်အကွာ အဝေးမှာပဲဖြစ်ဖြစ် ကြယ်ပွင့်လေးတွေ မရေမတွက်နိုင်အောင် များပြားတာ နင် တွေ့မိမှာပါ။ နေ့အချိန်မှာ နေမင်းကြီးကို မော့ကြည့်တဲ့ အချိန်တွေတိုင်းမှာ ကြယ်ပွင့်လေးတွေကို မမြင်နိုင်ပေမယ့် အဲဒီကြယ်ပွင့်လေးတွေ ကောင်းကင်ထက်မှာပဲ ရှိနေတယ် ဆိုတာလဲ နင်ခံစားလို့ရမှာပါနော်။

လမိုက်ညတွေမှာ ကောင်းကင်က ကြယ်ပွင့်လေးတွေ ပျောက်နေပေမယ့် ကြယ်လေးတွေ နေရာဟောင်းမှာပဲ ဆက်ရှိနေတယ်ဆိုတာ ကိုလဲ နင်ခံစားလို့ရမှာပါနော် ။

နင် ငါနဲ့မတွေ့မဆုံဖြစ်တဲ့ အချိန်တွေတိုင်းမှာလဲ နေရာဟောင်းလေးမှာရှိနေတဲ့ ကြယ်ပွင့်လေးတွေလိုပဲ နင့်ပေါ် ငါပြောင်းလဲ မသွားဘူးဆိုတာ နင့်ကို ယုံကြည်ထားစေချင်တယ်။

နင့်ကို ငါလေ တစ်ရက်လေးမှ သတိမရပဲ မအောက်မေ့ပဲ စိတ်မပူမစိုးရိမ်ပဲ တကြိမ်တခါမှ မေ့ပျောက်ခဲ့ဖူးတယ်ဆိုတာမရှိခဲ့သလို ။တစ်ညလေးမှ ငါက နင့်ကို သတိမရပဲ မအောက်မေ့ပဲ စိတ်မပူမစိုးရိမ်ပဲ တကြိမ်တခါမှလဲ မေ့ပျောက်ခဲ့ဖူးတယ်လို့မဖြစ်ဖူးခဲ့ဘူး။ ငါရဲ့ အချိန်တွေတိုင်းမှာ နှလုံးသားက တမ်းတနေမိခဲ့တာ နင့်ကိုပါ။

ငါတို့တွေ ဘယ်လောက်ပဲ ဝေးနေနေ အကြည့်ခြင်း မဆုံနိုင်အောင် ဝေးနေကြပေမယ့် မေ့ပျောက်သွားတာမျိုး မှ မဟုတ်တာ။
တိုက်ဆိုင်မှု ဆိုတာမျိုး ရှိခဲ့ရင် ကြယ်ပွင့်လေးတွေ မြောက်များစွာကို မော့ကြည့်မိတဲ့ အချိန်ပိုင်းလေး တချိန်လောက်မှာတော့ နင်မျက်ဝန်းနဲ့ ငါ့မျက်ဝန်းလဲ ကြယ်ပွင့်လေးတစ်လုံးမှာ သွားပြီး ဆုံမိခဲ့ကောင်းဆုံမိခဲ့မှာပါနော်။

ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေတိုင်းမှာ နင်နဲ့မျက်ဝန်းခြင်း ဆုံကြည့်မိရင် ငါ့အတွက် အချစ်စစ်တွေ ရှိနေတာ သေချာ
သိနေတဲ့အတွက် နင့်အချစ်တွေ အပေါ်သံသယဆိုတာ မရှိခဲ့ဖူးဘူး ။ အချိန်တိုင်းမှာ နင်အချစ်က ငါ့အတွက် အမြဲကြည်နူး ပျော်ရွင်ခြင်းကို ဖန်တီးပေးခဲ့တဲ့ အတွက်လဲ နင့်ကို အရမ်းကျေးဇူးတင်မိပါတယ်။

ဒါပေမယ့် နင်ငါ့ကို ခုလိုမျိုး ဘယ်အချိန်ထိ ချစ်နိုင်မလဲ ဘယ်လောက်ကြာကြာ ချစ်သွားနိုင်မလဲ တစ်သက်လုံးခုလို ချစ်သွားနိုင်ပါ့မလား။

ငါ ယုံကြည်လောက်အောင် “ အချိန်တွေ ဘယ်လောက်ပဲကြာသွားပါစေ ခုအခြေအနေလေး အတိုင်းငါတို့တွေ ဆက်ချစ်နေကြမယ် ” ဆိုတဲ့ဂတိတခုလောက် နင်ငါ့ကို ပေးလို့ရမလား။ နင့်အချစ်တွေကို အိပ်မက်တွေအဖြစ် ငါ့ကိုပေးခဲ့တာမျိုး မဖြစ်ပါစေနဲ့လို့ ငါတောင်းဆိုနေမိတယ်ဆိုရင် ငါလောဘကြီးတယ်လို့များ နင်ပြောမလား။

ငါ့ဘ၀မှာ နင်ဆိုတာမရှိခဲ့ရင် ငါ့ဘ၀ အဓိပ္ပါယ်ဆိုတာလဲ ရှိတော့မှာမဟုတ်လို့ ငါ့ဘ၀ရဲ့ ပြီးပြည့်စုံခြင်းက နင်ပါ။ ငါ့ဘ၀ရဲ့
အလိုအပ်ဆုံး ကနင်ပါ....

တွေးမိတိုင်းလဲ ပြုံးမိတယ်။

ကလေးတွေရဲ့အသက်အရွယ်အလိုက် အမူအကျင့် အနေအထိုင် ပြောင်းလဲလာတယ် ။၁နှစ်ကနေ ၃နှစ် အရွယ်ကလေးတွေ အတွယ်တာဆုံးက မိဘပဲ ။ ဆယ့်လေးနှစ် ကျော်သွားရင် မိဘထက် သူငယ်ချင်း အပေါင်းအသင်းကို ပိုတွယ်တာပြီး ၁၆နှစ်လောက်ဆို စိတ်လှုပ်ရှားတတ်တဲ့ မြီးကောင်ပေါက် အရွယ်ကို ပြောင်းပြောင်း သွားတယ်တဲ့ ။လူတစ်ယောက်က ပြောပြနေတာကို နားထောင်နေရင်း ကျမ အတွေးတခုကို သွားသတိရပြီး လှစ်ခနဲတောင် ပြုံးမိသွားတယ် ။

ဘာလို့လဲဆို ...မှတ်မှတ်ရရ ကျမ ၉တန်းတုန်းကပေါ့ ကျမ ဒေါ်လေးက သူ့ကောင်လေး အိမ်လာလည်မှာမို့ ပုံစံတူတဲ့ ဓါတ်ဗူးနှစ်လုံးမှာ တစ်လုံးက ရေနွေးဖြူ ၊တစ်လုံးက လက်ဖက်ခတ်ထားတဲ့ ရေနွေးကြမ်း ထည့်ပြီး ဧည့်သည်အတွက် အဆင်သင့်လုပ်ထားတာ။

အမယ်...သူ့ကောင်လေးလာတော့ သူက ခပ်တည်တည်ပဲ ရေနွေးဖြူထည့်ထားတဲ့ ဓါတ်ဗူးကြီး မလာပြီး ရေနွေးငဲ့တိုက်နေတယ် ။ကျမလဲ အိမ်စာလုပ်ရင်း လှမ်းမြင်တော့ စဉ်းစားတာပေါ့နော် ဧည့်သည်ကို ရေနွေးဖြူ ဘာလို့တိုက်ပါလိမ့်ပေါ့ ။ဟို အယူတွေရှိလို့လား ။ယတြာ ချေတာလားပေါ့ ။ကျမတစ်ယောက်တည်း ထိုင်တွေးရင်း ဧည့်သည် ပြန်သွားတော့ သိချင်တာလေး ကျမဒေါ်လေးကို မေးကြည့်တာပေါ့ ။

ရေနွေးကြမ်း မတိုက်ပဲ ရေနွေးဖြူ တိုက်တယ်ဆို တော့ ဟ..ဟ ရေးရင်းနဲ့တောင် ရယ်ချင်လာပြီ ။ ကျမမေးတော့ ကျမဒေါ်လေးက တအံ့တသြနဲ့ ဘာ! ရေနွေးဖြူ တိုက်တာ ဟုတ်လားတဲ့ ။

ကျမပြောတာကို မယုံဘူး သူ့ရေနွေးခွက်ထဲ ကျန်ခဲ့တဲ့ ရေကို ကြည့်လိုက် ဓါတ်ဗူးထဲကရေကို ငဲ့ကြည့်လိုက်နဲ့ ။
ပြီးလဲပြီးရော ကျမကို ဘာလို့ခုနတည်းက မပြောလဲဆိုပြီး ကျမကို လိုက်ရိုက်တော့ ပြေးရတာ မောတောင်မောသွားတယ်။

ရှက်ရှက်နဲ့ သူ့ကောင်လေးကို ရေနွေးကြမ်းနဲ့ မှားပြီးတိုက်မိတာကို အဲချိန်မှ ကျမလဲ သိတော့တယ် ။
စိတ်လှုပ်ရှားတဲ့ မြီးကောင်ပေါက် အရွယ်တွေ တယ်ခက်သကိုးလို့ စတိုင်း ကျမဒေါ်လေးက ရှက်ရှက်နဲ့ကျမကို လိုက်ရိုက်တတ်တုန်း ခုချိန်ထိ။

ခု အဲဒီဒေါ်လေးရဲ့သမီးတောင် လေးတန်းတက်ပေါ့ ။အဲဒီ သူ့ဘဲဘဲ နဲ့တော့ မယူဖြစ်ပါဘူး ။
နောက်များကြုံရင် ကျမဒေါ်လေးက ရေနွေးဖြူ တိုက်လွတ်လိုက်တဲ့ အဲဒီလူကို မေးကြည့်အုံးမယ် ။
သူကော ရှက်ရှက်နဲ့ စိတ်လှုပ်ရှားတတ်တဲ့ မြီးကောင်ပေါက် အရွယ်တုန်းက ရေနွေးဖြူကို ရေနွေးကြမ်းနဲ့ မှားသောက်တယ်ဆိုတာ သတိထားမိရဲ့လားလို့လေ ....

သျှမ်းအစစ်လေးနဲ့တူတယ်...

တစ်နှစ် သမီးလေးတည်းက အမေ့မျက်နှာကို မမြင်ဖူးခဲ့တဲ့ ဆယ့်နှစ်နှစ်သမီးလေးက “လတ်လတ်ဆတ်ဆတ် ရိုက်ထားတဲ့ အမေ့ပုံလေး မရှိဘူးလား မြင်ချင်လို့”တဲ့ ။ အဲဒါ ဘယ်သူများ ဖြစ်နိုင်မလဲ ။

သုံးနှစ်သမီးလေးတည်းက တစ်ခါတည်း ကျမတွေ့ခဲ့ဖူးတဲ့ “သျှမ်းမ ”ဆိုတဲ့ ကျမရဲ့ တူမလေးပဲပေါ့ ။

သူ့အမေဘက်က အမျိုးဖြစ်တဲ့ ကျမတို့နဲ့ ဆယ်နှစ်နှစ်သမီးမှာမှ ပထမဆုံး စတွေ့ဖူးတဲ့ မြေးမလေးရဲ့ အပြုအမူကို ကြည့်ပြီး သူ့အဘွားက “တကယ့် ငါတို့အမျိုးလေးနဲ့တူတယ် ။ငါတို့နား ပွတ်သီးပွတ်သပ်လေး ချွဲတာလေး ရင်းရင်းနှီးနှီး ဆက်ဆံတာလေးကစ”တဲ့ ။

ကျမ မောင်လေး သူ့ဦးလေး ကလဲ “ တကယ့်သျှမ်းအစစ်လေးနဲ့ တူတယ် သိလား ”တဲ့ ။နာမည်က “သျှမ်းမ” ပေမယ့် သျှမ်းစကား မတတ်လို့ တဲ့ စာအုပ်တစ်အုပ်နဲ့ ဘောလ်ပင် ကိုင်ပြီး လိုက်လိုက်မေး လိုက်မှတ်နေတာ သျှမ်းစကား အရမ်းတတ်ချင်လို့”တဲ့ ။

သျှမ်းသွေးပါလို့လားမသိဘူး ။သျှမ်းဝတ်စုံရချင်လို့ ၀ယ်ပေးဆိုလို့ တစ်စုံဝယ်ပေးတယ်တဲ့။“ထူးဆန်းလိုက်တာ သူ့အမေကို တစ်ခါမှ မမြင်ဖူးတဲ့ သျှမ်းမ ရဲ့ပုံစံက သူ့အမေနဲ့ ရုပ်ပါ ချွတ်စွတ်တူတာ မဟုတ်ဘူး သူ့အမေလို အားတိုင်း အ၀တ်အစားတွေ သိမ်းထုပ်တာကစ တူတယ်တဲ့ ။ အလှပြင် တာကစ သူဝတ်တဲ့ အ၀တ်အစား နဲ့ ဖက်ရှင်နားကပ်ကို တစ်ရံပြီး တစ်ရံ ပြောင်းတာကစ သူ့အမေအတိုင်းပဲ”တဲ့ ။

တူမလေးနဲ့ မဆုံဖြစ်တဲ့ ကျမကို အမေနဲ့ မောင်လေးက ပြန်ပြောပြတာကို နားထောင်ရင်း တူမလေးအတွက် ရင်ထဲ မချိလိုက်တာ ။မိဘတွေ အိမ်ထောင်ရေး အဆင်မပြေလို့ ခုလို အမေပျောက်သမီးလေး တွေ ကျမတူမလေး အပြင် ဒီလောကကြီးမှာ ဘယ်လောက်တောင် များပြားနေလဲ မသိဘူးနော် ။

တူမလေးကို အဒေါ်ဖြစ်တဲ့ ကျမလဲ အရမ်းပဲတွေ့ချင်လိုက်တာ ။ တူမလေးက သူ့အမေကို တွေ့ချင်သလို
သူ့အမေလဲ ဆယ့်တစ်နှစ်နီးပါး ဝေးနေရတဲ့ သူ့သမီးလေးကို တမ်းတနေရှာမှာ သေချာတယ် ။

အကြောင်းကြောင်းကြောင့် တူမလေး သူ့အမေနဲ့ ခုချိန်မှာ မတွေ့နိုင်သေးပေမယ့် မဝေးတော့တဲ့
တစ်နေ့မှာ တူမလေး အမေနဲ့ မြန်မြန်ပြန်ဆုံ နိုင်အောင် တူမလေးကိုဆုတောင်းပေး နေမယ်...

နှင်းဝေတဲ့ဆောင်း...

နှင်းတွေဝေနေတဲ့ ခုလို ဆောင်းမနက်မှာ သူငယ်ချင်း ရွှေမီးနဲ့ အတူ ခရီးတစ်ခု သွားဖို့ အိပ်ရာမထချင်တဲ့
ရက်လေးကို သတိရလိုက်တာ ။ကားက မနက် ၄ နာရီကျော် ထွက်မှာကို ကျမတို့ သူငယ်ချင်းနှစ်ယောက် “နင်အရင်ထ ငါအရင်ထ” နဲ့ အပျင်းပြိုင်နေကြတာ ။

ကျမက မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးနဲ့ “နင်အရင်ထ နင်အလှပြင်မှာ အ၀တ်စားလဲမှာ နဲ့ တစ်နာရီလောက်ကြာမှာ။ငါက မျက်နှာသစ် အ၀တ်စားလဲဆို ၅မိနစ်နဲ့ ပြီးတယ် လို့ ”

“သူကျောင်းသွားအပ်မှာကို လိုက်လဲပို့ရသေး မထချင်ဘူးဆို အတင်းထခိုင်းနေတာပဲတဲ့” နှုတ်က မှန်းမှုတ်သလို ပြောပြီး ရွှေမီး အိပ်ရာက ထရှာတယ် ။“ပြီးပြီ အဆင်သင့်ပဲ သွားဖို့ နင်ထတော့”ဆို ကျမက “နေပါဦး ငါးမိနစ်လောက် အိပ်ဦးမယ် ”ဆိုပြီးဈေးဆစ်လိုက်သေးတာ ။ ချမ်းချမ်းနဲ့ဆို မထချင်ပါဘူးနော် ။

ကျမ ခရီးထွက်တိုင်း သူငယ်ချင်းတစ်ယောက်ယောက် အမြဲ ကားဂိတ်ကို လိုက်ပို့ပေးတတ်ပေမယ့်
ရွှေမီးဆိုတဲ့ သူငယ်ချင်းမကျ “လက်ပြပြီး ငါကျန်ရစ်ရမှာကို ခံစားလို့ မရဘူး”ဆိုပြီး သူက တကယ် တခါမှကျမကို လိုက်မပို့ဖူးဘူး ။

သူစိတ်ပူ စိတ်မချလို့ ကိုယ်တိုင် ခရီးလိုက်ပို့တာမျိုးပဲ ရှိတယ် ။“ နင် က သူငယ်ချင်းသစ်နဲ့ တွေ့ရင် ငါတို့ကို
လွမ်းဖို့ သတိရမှာ မဟုတ်ပါဘူး ”လို့လဲ ပြောတတ်သေးတာ ။“ငါကပိုတောင်လွမ်းရမှာ နင်တို့ထက် ။နင်တို့က ငါ့ကို လွမ်းရင် အတူသွားခဲ့ဖူးတဲ့ နေရာလေးတွေ နဲ့အလွမ်းဖြေလို့ရသေး ။

သူစိမ်းတွေကြားမှာ နင်တို့ကို ငါက သတိရရင်သာ နင်တို့နဲ့ အတူရှိခဲ့ဖူးတဲ့ နေရာဟောင်းလေးတောင် အလွမ်းပြေ ကြည့်လို့ရတဲ့ အခွင့်ရေး မရှိဘူး လို့” ပြောတော့ ရွှေမီးက လက်မခံဘူး ။

သဘောထားပြည့်ဝ လွန်းကြတဲ့ သူငယ်ချင်လေးတွေ နဲ့ဆုံခွင့်ပေးခဲ့တဲ့ ကံတရားကို ကျမကျေးဇူးတင်လိုက်တာ ။
အရမ်း ချစ်ခဲ့ ခင်ခဲ့တဲ့ သူငယ်ချင်းလေးတွေနဲ့ ခဏဆိုပြီး ကျမခွဲလာခဲ့တာ ခုဆို နှစ်တွေတောင် ချီနေပြီ ။ခုလို ဆောင်းရောက်တိုင်း သူငယ်ချင်းလေးတွေနဲ့ အတူ နှင်းတွေဝေနေမယ့် ရှမ်းပြည်က ကျမတို့ မြို့လေးကို ပိုပို လွမ်းမိတယ် ။

ယုံချင်ယုံ မယုံချင်နေ။

သီတင်းကျွတ်ကျွတ်ခြင်း အိမ်နားက မင်္ဂလာဆောင်တာ ကျမမြင်တော့ သီတင်းကျွတ်ရင် လက်ထပ်တော့မယ်ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ကို ပြေးပြီး သတိရမိတယ် ။

သီတင်းကျွတ်ရင် လက်ထပ်မယ်ဆိုမှ ဗေဒင်ဆရာက ရည်းစားဦးနဲ့ ကွဲကိန်းရှိတယ် ။ခုချစ်သူက ရည်းစားဦးဆို သေချာတယ် ညည်းတို့ ကွဲမှာပဲ တဲ့ ။ အဟီး အဲလိုဟောတော့ ကျမ သူငယ်ချင်းက ငိုတာပေါ့ ။မကြီးဆိုတဲ့ သူငယ်ချင်း နဲ့ ကျမကတော့ အချစ်ဆိုတာကိုလဲ မသိ ကိုယ်ချင်းလဲ မစာတတ်နဲ့ သူငိုတော့ ဟာသကိုဖြစ်လို့။

သူက အငိုတိတ်ပြီဆို မကြီးနဲ့ ကျမက အဟား ကွဲမှာပါဆိုမှ လွမ်းနေသတိရနေပြန်ပြီလားဆိုပြီး ပြန်စတော့သူက ငိုပြန်ရော ။ သီတင်းကျွတ်မှာ သူ့ချစ်သူနဲ့ ကျမသူငယ်ချင်း တကယ်ပဲ မင်္ဂလာဆောင်ဖြစ်ခဲ့တယ် ။

မကြီး ကိုကျတော့ ဗေဒင်ဆရာက ဒီနှစ်တွင်း လုံးဝအိမ်ထောင် ကျကိန်းရှိတယ်တဲ့ ။ချစ်သူတောင်မရှိသေးတဲ့ မကြီးက ဟေး ကနဲ အော်ပြီး ပျော်စရာကြီး တဲ့ ။ မကြီးက ပျော်ပျော်နေတတ်တဲ့ သူမို့ ဗေဒင်ဆရာက အရမ်းမပျော်နဲ့ဦး အဲဒီဖူးစာရှင်က ညည်းတော်တော် ဦးဆောင်ရ တွဲခေါ်ရမှာတဲ့ ။ပျော်စေပြက်စေနဲ့ပဲ ဗေဒင်ကို လျှောက်မေးကြတာလေနော် ။
တကယ်လဲ အဲဒီနှစ်မှာ မကြီး မင်္ဂလာဆောင်ဖြစ်တယ် ။
ကျမကို ဟောတာတွေကျ မေ့နေပြီ အဟီး ...

လွမ်းတယ်ဆိုတာ ပြောပေးပါလားချယ်ရီ....

ချယ်ရီတွေ ပွင့်နေမယ့် တောင်ကြီးမြေက သူငယ်ချင်းတွေရယ် တန်ဆောင်တိုင်ပွဲရယ်ကို လွမ်းလိုက်တာ။ညနေပိုင်းမှာ မြို့တွင်း ကနေ စူဠာမုနိဘုရားကို ရောင်စုံမီးပုံး ပုံစံအမျိုးမျိုး ၊အကအမျိုးမျိုး နဲ့အိုးစည်ဗုံမောင်းတွေတီးပြီဲး့ ဆီမီးပူဇော်ဖို့ တန်းစီ လာတဲ့လူတန်းကြီးကို ငါတို့လိုက်ငေးခဲ့ကြတာ ကို သတိရလိုက်တာ ။

နေ့ခင်းပိုင်းဆို ကွင်းပြင်ကြီးမှာ အရုပ်မီးပုံးပျံ တွေလွှတ်လို့ ငါတို့တွေ တအံတသြ ကြည့်တာကို မြင်တော့ ရှမ်းပြည်မြောက်ပိုင်း ကလာတဲ့ ငါတို့ကို တောင်ပိုင်းမှာနေတဲ့ နင်တို့တောင်ကြီးသူတွေက ညပိုင်း ညမီးကျဉ် ၊ စိန်နားပန်လွတ်ရင် မြောက်မတွေ ဒီထက်ပိုပြီး အံ့သြကြမှာ လို့စကြတာကို လဲ ခုချိန်ထိ မှတ်မိနေသေးတယ်။

မြို့လုံးကျွတ် ဘုံကထိန်လှည့်တဲ့နေ့မှာ ငါတို့တွေ မနက်အစောကြီးတည်းကနေ ဈေးနားသွားပြီး စောင့်ကြည့်ခဲ့တာ နေပူလွန်းမက ပူတော့မှ မောမောနဲ့ အဆောင်ပြန်ခဲ့ ကြတာတွေကို တွေးပြီး နင်တို့တွေ ရှိနေမယ့် တောင်ကြီးကို လာချင်လိုက်တာ ။

ညပွဲခင်းထဲမှာ ပွဲလည်တော့ ငါတို့တွေ တစ်ယောက်လက်ကို တစ်ယောက် မလွတ်ရဲပဲ ကြိတ်ကြိတ်တိုးတဲ့ လူအုပ်ထဲ လျှောက်ခဲ့တာတွေ ညမီးကျဉ်ပြုတ်ကျလို့ အသက်လုပြေးခဲ့တာတွေကို ပွဲလည်ရင်း နင်တို့တွေ မြောက်ပိုင်းက ငါတို့ကို သတိရချင်လဲ ရနေမှာနော် ။

ချမ်းချမ်းနဲ့ မနက် သုံးနာရီကျော်ထိ မီးပုံးပြန်လွတ်တာကို စောင့်ကြည့်ရင်း အရမ်းချမ်းပြီး အိပ်ချင်လို့ ပြန်ဖို့ပူဆာတဲ့ ငါ့ကို သူ့ကောင်မလေးမျက်နှာကို ရှုမ၀တဲ့ သူငယ်ချင်းက “နင်ချစ်သူရှိလို့ဝဠ်ပြန်လည်မှ နင်ငါ့ကို ကိုယ်ချင်းစာတတ်မယ်လို့ ”ပြောခဲ့ ဖူးတဲ့ သူငယ်ချင်းရော အိမ်ထောင်ကျသွားပြီလား ။

“ငါတို့တွေ ကျောင်းတက်တုန်းက ငါတို့ဆရာတွေပေါ် ဆိုးခဲ့သလို ငါဝဠ်ပြန်လည်မှာ ကြောက်လိုက်တာ သူငယ်ချင်းရယ် ”ဆိုတဲ့ ငါ့သူငယ်ချင်းမလေးရော သူ့တပည့်လေးတွေနဲ့ အဆင်ပြေရဲ့လား ငါသိချင်လိုက်တာ ။

အိပ်မက်အိမ်...

ဒီဘလောဂ်လေးက ကျမရဲ့ ဒုတိယအိမ်လေးပေါ့ ။ အရင်အိမ်လေး(minbaisoezay)၀င်ဖို့ ကျမ သော့လေးမေ့လို့ ဒီအိမ်လေး ပြန်ပြီး တည်ဆောက်ဖြစ်ခဲ့တာပါ။
သော့ဖွင့်လို့မရတော့တဲ့ အိမ်လေးက အမှတ်တရလေးတွေလဲပြန်ပြီး သိမ်းဆည်းနိုင်အောင် ဒီအိမ်လေး ကူညီဖန်တီး တည်ဆောက်ပေးတဲ့ ကိုလတ် (မိုးသွေးငယ်)ကျေးဇူးကို အမြဲ အမှတ်ရနေမှာပါ။
(ရှုး..တိုးတိုး ကျေးဇူးစကားပြောတာ မကြိုက်လို့ ကြားသွားဦးမယ် :D)
ပထမ ဘလောဂ်အိမ်လေး စဖွင့်ဖြစ်တုန်းက ပီတိလေးနဲ့ ခုဒုတိယအိမ်လေးကို ပြန်ပြီး မွမ်းမံနိုင်တော့ မေ့တတ်တာလေးကို ကျမကျေးဇူး တင်နေမိပြန်ရော။
ပထမအိမ်လေးမှာတုန်းကလို ကိုယ့်ဘ၀အတွေ့အကြုံ ၊ခံစားချက် ၊ပျော်စရာ ၊ ဗဟုသုတ လေးတွေ၊ ကဗျာ ၊သီချင်း၊ဆောင်းပါးတွေနဲ့ ကျမအတွက် စိတ်အပန်းဖြေ စရာ ကမ္ဘာသစ်လေးတစ်ခု တည်ဆောက်နေမိတာပါ။
စာရေးတတ်လို့ ရေးတာမဟုတ်ပဲ စာရေးရတာ ပျော်လို့ ၀ါသနာပါလို့ဆိုတာကို ကျမဆီ ရောက်လာလည်ပတ် ဖတ်မိသွားတဲ့ သူငယ်ချင်းအားလုံး ကျမကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
 
....../******EOT*******/..........