...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

ကျောင်းပျော်လေး ဖြစ်စေချင်တာ ....

ဒီနေ့ တူလေးကို မူကြိုပို့တဲ့ ဒုတိယနေ့။
မနက်မိုးလင်းတည်းက အသစ်ဝယ်ပေးတဲ့ လွယ်အိတ်လေးနဲ့ ပိုးဖိနပ်လေးနဲ့ဆိုတော့
ကျောင်းသွားမယ်တကြော်ကြော် အော်နေတာပဲ ။

မျက်နှာသစ်သွားတိုက်တော့လဲ အာဗြဲနဲ့ငိုတယ် သွားမတိုက်ချင်လို့ဆိုပြီးလေ …မနက်တိုင်းသူ့ရဲ့ သာယာနာပျော်ဖွယ် အသံပေါ့ ။

ကျောင်း မှာ သူ့အဖေနဲ့ အမေ သွားပို့ပြီး တိတ်တိတ်လေး ပြန်ထွက်လာခဲ့တာတဲ့။သူတို့ အိမ်ပြန်ရောက်လို့ခဏလေးနေပြီး စိတ်မချလို့
ကျမက မနက်စာစားပြီးတာနဲ့ ခဏသွားပြန်ကြည့်မယ် ပြင်ဆင်နေတုန်း ဆရာမက ကလေးဖျားနေလို့ပါတဲ့ ဖုန်းဆက်လာတယ် ။
ကျောင်းမှာ သွားကြိုတော့ ဆရာမရင်ခွင်ထဲ အိပ်ပျော်ရာကနေလန့်နိုးပြီး ကျမတို့ကိုမြင်တာနဲ့ လှမ်းဖက်ပြီးရှိုက်ကြီးတငင် ငိုတော့တာပဲ။

အဟုတ် ကလေးက သူ့ကို အဲလိုသူစိမ်းတွေကြားထဲမှာ ထားခဲ့တာကို တော်တော်လန့်နေတဲ့ပုံမျိုး။
သူ့ကိုလာခေါ်မယ် ဆိုတာလဲ အသိမပေးထားတော့ သူ့ဘာသာတွေးကြောက်ပြီး ငိုငိုနေတော့တာထင်တယ်။

အိမ်မှာတောင် အိပ်နေရင်းတောင်လန့်လန့်ငိုတာမျိုး မျက်လုံးဖွင့်ပြီး သူ့အနားမှာ ကျမတို့ရှိနေတာတွေ့မှမျက်လုံးလေးစင်းပြီ စိတ်ချလက်ချ ပြန်အိပ်သွားတာမျိုး။

သူ့ကျောင်းလွယ်အိတ်လေး တလွယ်လွယ်နဲ့ အိမ်မှာနေရင်တော့ ကျောင်းသွားမယ်တဲ့ ပြောနေရော ။ကလေးတိုင်းက ဒီလိုပဲလား မသိဘူးနော် ။

တတိယနေ့မှာတော့ ချောင်းတွေ ဆက်ဆိုးနေတာနဲ့ ကျောင်းသွားမပို့ဘူး ပြောတော့ ငြိမ်နေတယ် ။ကောင်းကောင်းသက်သာပြီဆိုမှ ကျောင်းပြန်ပို့မယ် ဆိုပြီး ဒီနေ့တော့ အိမ်မှာပဲ ကျောင်းမပို့ဖြစ်ဘူး ။နက်ဖြန်ကျောင်းသွားမလားမေးတော့ သွားမယ်တဲ့ ။
ဘယ်လို လာဦးမယ် မသိဘူး နောက်နေ့တွေလဲ ။ ဘယ်ချိန်များမှ တူလေး ကျောင်းမှာနေသားကျပြီး ပျော်မယ် မသိဘူး .....

ချစ်ရာ မရောက်ပဲ နစ်ရာ ရောက်မှာစိုးရိမ်လို့ အားတင်းနေရမှာ ...

ဒီနေ့ တူလေးကို မူကြို စပို့တဲ့နေ့ ။
ဆရာမတွေက မစောင့်ကြည့်လဲရတယ် ။နေ့တစ်ပိုင်းလောက်မှ လာပြန်ကြိုပြီး တရက်နည်းနည်းစီဆို အကျင့်ရသွားမယ် အလွန်ဆုံး လေးငါးရက်ပေါ့တဲ့ ။

အစက ခဏလေး စောင့်ကြည့်ဖို့ပဲ ဆရာမတွေ အဲလိုပြောတော့ ဆရာမတွေလက်ထဲ သူ့ကိုထားပြီး အိမ်ပြန်လာခဲ့တယ်။
တူလေးကိုကျောင်းမှာထားခဲ့ပြီး အိမ်ပြန်လာတော့ စိတ်ထဲနေလို့ မကောင်းဘူး ။သူ့တွက် စိတ်ပူမိ စိုးရိမ်နေမိတယ် ငိုမှာမပျော်မှာ အမျိုးမျိုးတွေးပူနေမိတာ ။

အိမ်ရောက်တော့လည်း စိတ်ကနေလို့မရဘူး ဆရာမနား ဖုန်းဆက်မေးမယ်ဆို သူ့အမေက 'အာဆရာမတွေက ငိုလဲမငိုဘူး ဘာမှ မဖြစ်ဘူးပဲ ပြောမှာပေါ့ 'ဆိုလို့ ဒီတိုင်းနာရီထိုင်ကြည့်ရင်း သူတို့ပြောထားတဲ့ အချိန်အမြန်ရောက်စေချင်လှပြီ။အိမ်ကလူတွေ အားလုံး သူ့အဘွားကစ သူ မပျော်မှာကို စိုးရိမ်စိတ်ပူနေကြတာ။

နေ့လည် ၁၁ နာ၇ီခွဲလောက်လာကြိုတဲ့ ကျမနေလို့ မရပါဘူး စိတ်ပူတယ် မနက်စာလဲ မစားသွားနဲ့ ပြီးတော့ တူလေးက သူစိမ်းတွေ ကြားမှာဆို အမြဲ အားငယ်တတ်ကြောက်တတ် တာကို သိတော့ ငိုနေမယ်ဆိုတာ သေချာသိနေတယ်လေ။

၁၁ နာရီလောက်တည်းက ကျောင်းကိုရောက်သွားပြီး တိတ်တိတ်ကလေး သွားချောင်းကြည့်တော့ ဆရာမက ချီထားနေရတယ် ။ခဏလေးနေတော့ ဆရာမ ရင်ခွင်ထဲ ခေါင်းလေးတိုးပြီး တအင့်အင့်နဲ့ရှိုက်ငိုနေတယ်။

သူ့နားကျမတို့ ရောက်သွားတော့ ဆရာမက ကြည့်ပါဦး ဘယ်သူလာလဲဆိုလဲ ခေါင်းမဖော်ပဲ ဆရာမရင်ခွင်မှာ ရှိုက်တုန်း။

ကျမ မနေနိုင်တော့လို့ လှမ်းခေါ်တော့ ကျမဆီငိုငိုယိုယိုနဲ့ပြေးလာတယ် ။ အခြား သူ့အရွယ် ကလေးလေးတွေက သူငိုတာကို ရပ်ငေးထိုင်ငေးနဲ့ ၀ိုင်းပြီးငေးကြည့်နေကြတယ် ။

ဆရာမက ပြောတယ် သူကတော်သေးတယ် ။တချိန်လုံးမငိုနေဘူး ။တိတ်လိုက်ငိုလိုက်ရှိသေးတယ် ။အခြားကလေးဆို အသံဗြဲနဲ့ တချိန်လုံးအော်နေတာမျိုးတဲ့။ထမင်းကျွေးတော့လဲ မစားဘူးတဲ့ နောက်ဆို အကျင့်ဖြစ်သွားရင်တော့ ဆော့မယ့် သဘောရှိပါတယ် ကလေးကတဲ့ ။

အစပိုင်းမှာ ကျောင်းခန်းထဲ မ၀င်ချင်ပဲ အပြင်က ကလေးကစားစရာတွေနဲ့ဆော့ချင်လို့ အကျင့်ဖြစ်သွားမှာစိုးလို့ ဆရာမက အခန်းတံခါးပိတ်ထားရတယ်လို့ ဆရာမက ပြောပြတယ် ။

တူလေးကတော့ ဆရာမက တံခါးကိုလောဂ့်လုပ်ပစ်တယ်တဲ့ အိမ်ရောက်တော့ ပြန်ပြောပြနေတယ်။ပြီးတော့ သားက ငိုတော့ ဆရာမက မငိုနဲ့ဆိုပြီး ဖင်ကို ရိုက်တယ်တဲ့ ။( ခြောက်တာမျိုးနေမယ် ထင်တယ် သူကတော့ အဲလိုပဲ အကုန်ပြောနေတော့တယ်)

ပထမဆုံးကျောင်းသွားပို့တဲ့နေ့မှာ လွယ်အိတ်လဲ မ၀ယ်ရသေးပဲနဲ့ လေသူ့ကို ရှိတဲ့ အိတ်နဲ့ ထည့်ပေးတာ ရီလဲ ရီရတယ်။
သားသားနောက်နေ့ကျောင်းသွားမလားလို့ မေးတော့ သားသွားပြီးပြီလေတဲ့ ။နက်ဖြန်သွားဦးမလားဆို သွားမယ်တဲ့ မနက်ဖြန်ရော ကျောင်းသွားချင် ဦးမလား လဲ မသိပါဘူး ။

သူ့အတွက် အရမ်းစိုးရိမ်စိတ်ပူပန်မနေပဲ ဘ၀ဆိုတဲ့ကျောင်းအတွက် တူလေးဘ၀မှာ သင်စရာတွေ အများကြီး ဗဟုသုတ အတွေ့ကြုံရဖို့ ဆိုတဲ့စိတ်နဲ့ ကျမအားတင်းရဦးမယ်နောက်နေ့တွေ အတွက် …

တူလေးက ခုဆို ၂ နှစ်နဲ့ ငါးလ အခြားသူ့ကျောင်းက ကလေးက ၃ နှစ် အထက်လေးတွေ ပြီးတော့ သူက ရှမ်းစကားပဲ ပြောတတ်တော့ သူ့ဆရာမနဲ့အားလုံးက ထိုင်းလိုပြောတော့ ပိုပြီး အဆင်မပြေဘူး ။နောက်ပိုင်းတော့လဲ အစစအရာရာ အဆင်ပြေ နေသားကျသွားမယ်လို့ပဲ အားတင်းဖြေသွားရမယ်...

တူလေးပဲရှိသေးတာ ကိုယ့်သားသမီးဆို မိဘတွေ ဘယ်လိုနေကြလဲ မသိဘူးနော် ...

သူတို့လေးတွေလို တရားထိုင်ကြည့်ပါလား ငါးမိနစ်လောက် ..

နှစ်နှစ် သုံးနှစ်ကလေးလေးတွေဆူလို့ တရားထိုင်ခိုင်းနေတဲ့ ပုံလေးပါ ချစ်စရာ ကောင်းလို့။


ချင်းမိုင် ကမ်းခြေလို့နာမည်ကြီးတဲ့ ဟွေ့ တင်းထောဝ့် (ကန် )

ကလေး လူကြီး သူငယ်ချင်း စုံတွဲ စတဲ့စတဲ့ လူတွေ လာအပန်းဖြေနားနေကြတဲ့ ညနေကမ်းခြေအလှပုံလေးတွေ ..





အတိတ်ကို ခစားခြင်း ….

လိုချင်တိုင်းမရနိုင်တဲ့ဘ၀မှာတောင်
ပိုင်ဆိုင်ရလိုက်တိုင်း လိုချင်တယ်လို့
ဘယ်သူပြောနိုင်မှာလဲ
ဒီလိုပဲ
သတိရတိုင်းတာ ငိုနေရရင်
ငါ့မျက်ရည်ခမ်းခြောက်နိုင်တယ်။
သတိရတိုင်းတာ လွမ်းနေရရင်
ပျော်စရာနေ့တွေ ပျောက်သွားနိုင်တယ်။
ဒီလိုနဲ့ပဲ
သတိရတိုင်းတာ ချစ်တယ်လို့ယူဆရင်
ငါဟာ အချစ်ခံသူတစ်ယောက်သာ ဖြစ်ပါစေ။
ချစ်တတ်သူတစ်ယောက်အတွက်ဟာ
အစကတည်းက ငါဖြစ်တည်ခဲ့ပြီးသားပါ။

နွေသစ်ခွ။

လွမ်းလှ နွမ်းလျ ...

မိုင်တွေ အသင်္ချေ ရေမြေတွေခြား

ဝေးနေရတဲ့ ရက်များ နှစ်လတွေရှည် မမြင်ရလေတဲ့

ငေးစိမ့်အကြင်နာ နူးညံ့ရင်ခုန်စွာ ယုံကြည်ခဲ့တဲ့ မျက်ဝန်းတစ်စုံကို

လွမ်းလွန်းမက လွမ်းရတဲ့ ဒီလိုနေ့ရက်တွေ အမြန်ကုန်ဆုံးပါစေလေ…

ဝေဟင်မှာ လမသာပေမယ့် ကြယ်တွေမှုန်ပျ ကာရံလှတဲ့ သံစဉ်

အေးမြရင်ခွင် မှေးစက်ခုံမင် ရယ်ရွှင်ရတဲ့ရက်လေး မနှေးပိုင်ဆိုင် သီကျူးနိုင်ပါစေလေ..


ချစ်သူကို လွမ်းလို့ခံစားရေးသားထားပါသည်။
(၂၆.၉.၀၉) မင်းပိုင်စိုးစေ

အေးအေး... ဘုန်းကြီးဆုတွေ ထပ်ချပေးမယ်

ဆေးခန်းထဲကို ဘုန်းကြီး တစ်ပါးဝင်လာတယ်။

ဆေးခန်းရှေ့မှာ ရပ်ပြီး လက်အုပ်ချီနေတဲ့ ဆရာဝန်မလေးကို မြင်တော့ ဘုန်းကြီးက ရပ်ပြီးဆုတွေ ပေးလိုက်တယ်။

ဆုတွေပေးပြီးလဲ ဒီဒကာမလေးက ပြုံးပြုံးလေး လက်အုပ်ချီဆဲ ဘုန်းကြီးက စကားပြောလဲ ပြန်မပြောတော့ ဘုန်းကြီးက ဒကာမဆုတွေ ထပ်ရချင်သေးလို့လား ။
.
..ဆိုပြီး ဘုရား စာတွေ အရှည်ကြီး ဆက်ဟောပေးနေရော ။

ဒါလဲ ဒကာမလေးက လက်ဦးချီပြီး ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောတာကို ဘုန်းကြီးက စကားတွေ တတွတ်တွတ်ပြောနေတာကို မြင်တဲ့ နာစ့်မလေးက မေးတယ် ။

အရှင်ဘုရား ဘာကူညီရမလဲ ဘုရား ..ဆိုပြီး ခုနက ဘုန်းကြီး စကားပြောနေတဲ့ မတ်တပ်ရပ်ရှိခိုးနေတဲ့ အရုပ်ကို လုံခြုံရေးက လာမသွားရော။

ဒါကို ဘုန်းကြီးက မမြင်ပြန်ဘူး ဘာကူညီရမလဲ ဆိုတဲ့ နာစ့်မကို ဘုန်းကြီးက ခုနက ဆရာဝန်ဒကာမ ဘယ်ရောက်သွားပြီလဲ တဲ့မေးတုန်း။
အဲဒါလူမဟုတ်ဘူး ဘုရား ဆိုမှ အော် ....တဲ့။

13 လမ်းနဲ့ 18 လမ်းထိပ်ချင်းမှားလို့ပါ.....

18 လမ်းထိပ်ကိုပို့ပေးပါဆိုတဲ့ အမူးသမား တစ်ယောက်ကို TAXI သမားက 13 လမ်းထိပ်မှာ မှားပြီး ချပေးမိတယ်။

အမူးသမားလဲ အိမ်ေ၇ှ့ရောက်တော့ အိမ်တံခါးခေတ်ထားတော့ ဆဲလဲ ဆဲခြံတံခါးကို ဘယ်သူသော့ခေတ်လဲဆိုပြီးအော်တော့ ခြံထဲက ခွေးက ပြေးဟောင်ရောတဲ့ ။ငါက နင့်ပိုင်ရှင် ငါ့ကိုတောင် မမှတ်မိပဲ ဟောင်ရလား ဒီခွေး ဆဲပြန်ရော ခွေးကလဲ ဆက်တိုက်ဟောင်ရော ။

အရက်ကလဲ မူးခြံတံခါးလဲ ဖွင့်မရတော့ စိတ်ကတိုလှပြီ အဲဒါနဲ့ ခါးထဲ ကသေနတ်ထုတ်ပြီး ဒီခွေးဒီလောက်ဖြစ်တာ သေစမ်းဆိုပြီး နှစ်ချက်သုံးချက်လောက် ပစ်ချလိုက်တော့ အိမ်ထဲ လူတွေ ပြေးထွက်လာတယ်။

ခင်ဗျား ကျနော့်ခွေး ဘာလို့ ပစ်တာလဲ ဆိုပြီး ဒေါနဲ့ မောနဲ့ လာပြောတော့ ကျူပ်ခွေး ကျုပ်ပစ်တာ ဘယ်သူဘာပြောမလဲ ။ကျုပ်အိမ်ထဲခင်ဗျားက ဘာဝင်လုပ်တာလဲ ဆိုပြီးသူက အဲလူ ပခုံးကို လှမ်းဆွဲလား ရမ်းလား လုပ်တယ်။

အိမ်ရှင်က ဟာ ဘာခင်ဗျားအိမ်လဲ ဒါကျူပ်အိမ် ။

အမူးသမားက ကျူပ်အိမ်ဒါ၁၈ လမ်းထိပ်က ကျနော့်အိမ် ဆိုပြီး ပြောတော့မှ အိမ်၇ှင်က အဲမှာ လှမ်းကြည့်လိုက်ဦး ဒါ ၁၃ လမ်းထိပ်လို့ လက်ညှိုးထိုးပြလို့ ကြည့်မှ ကားသမား က 18 နဲ့ 13 လမ်းထိပ် ကို မှားချပေးခဲ့လို့ အမူးသမားလဲ သူ့အိမ်ထင်တာနဲ့ ရပ်ကွက်ထဲက လူတွေ ၀ိုင်းရိုက်လို့ မနည်း ထွက်ပြေးလာခဲ့ရတယ်ဆိုပဲ။

တပို့တွဲလပြည့်အမှတ်တရ





ပန်းပွဲတော်

ဖေဖေါ်ဝါရီလ (၇) ရက်နေ့ရောက်တိုင်း ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ပန်းပွဲတော် နှစ်စဉ် ကျင်းပတယ်။
(၇ )ရက်နေ့ မနက် (၁၀ )နာရီလောက်တည်းက စပြီး ပန်းအလှဆင် ကားတွေ မြို့ထဲကို စလှည့်ပြီး သူ့အဖွဲ့ကိုယ့်အဖွဲ့
ပြိုင်ပွဲဝင်ကြတယ် ။
တစ်ကားလုံးကို နှမ်းပွင့် ၊နေကြာ ကစ ဌက်ပျောရွက် အဆုံး အားလုံးအားလုံးကို ပန်းမျိုးစုံနဲ့ ပုံဖော် အလှဆင်ထားတာ ။ ပန်းမျိုး တစ်ရာ မက မျိုးစေ့ပေါင်းစုံကိုလည်း ပွဲခင်းထဲမှာ ချရောင်းကြတာ ပန်းခင်းထဲ ရောက်သွားသလိုပဲ ။ ပွဲလည်တဲ့သူတွေ ကြိတ်ကြိတ်တိုး ပြီး ဓါတ်ပုံတွေ ရိုက်ကြတာ ၊လည်ရတာ ပျော်စရာလည်းကောင်းတယ် ။











ပြေးမလွတ်တဲ့ ၀ဠ်ကြွေး

ကြမာရဟတ် ကမာတစ်ပတ်မလည်ဘူး ဆိုတာမင့် တကယ် မယုံလို့ မရအောင် ခုတော့ ဒီသံသရာဝဠ်ကြွေးတွေကို မင့် ပေးဆပ်နေရပါပြီ။
မင့် ငယ်ငယ်လေးတည်းက အမေက သမီးမိန်းကလေးမို့ မင့်ကို ခြံထဲက ပန်းပင်တွေ ဟင်းသီးဟင်းရွက်ပင်တွေ အချိန်၇ှိရင် ရေလောင်းဖို့ မိန်းကလေးအလုပ်ဖြစ်တဲ့ ထမင်းဟင်းချက်ဖို့တွေ ခိုင်းရင် မင့် ဘယ်တော့မှ လုပ်မပေးပဲ အမြဲ ထွက်ပြေးခဲ့တာချည်းပါပဲ။

မင့် ဆယ်နှစ်သမီးလောက်တည်းက ချောင်းမြောင်းတွေမှာ ငါးပုစွန်ဖမ်း ခြံထဲက ပုရွက်ဆိတ် နှံကောင်စတဲ့ အကောင်ပလောင်တွေကို ဖမ်းဆီး နှိပ်စက်နေရတာကို ပျော်မွေ့ခဲ့တယ်။

တခါကဆို မင့်ငါး အကောင်တစ်ရာလောက်နီးပါး ဖမ်းမိတော့ သူငယ်ချင်းကို ပြောမိတယ်။ငါးတွေက မျက်လုံးမမှိတ်ပဲနဲ့ ရေထဲကူးသွားကူးလာ လုပ်နိုင်တယ်။သူတို့မျက်လုံးထဲ ရေမ၀င်ဘူးလား။ အဲဒီ မျက်လုံးတွေ မရှိရင်ရော သူတို့တွေ ရေကူးလို့ရမလားဆိုပြီး စဉ်းစားမိတာကို ပြောမိတယ်။

ဒါနဲ့ မင့်လဲစိတ်ကူးလေးတခုရလာလို့ ဖမ်းမိတဲ့ ငါးတွေရဲ့ မျက်လုံးတွေကို ကလော်ထုတ်ပြီး တစ်ကောင်ချင်းစီကို ရေထဲပြန်လွတ်ခဲ့တယ် ။မင့်သူငယ်ချင်းမလေးက မင့်အဲလိုလုပ်တာကို အထူးအဆန်းလိုကြည့်ပြီး ဘာလုပ်တာလဲမေးပေမယ့် မင့်ဂရုတောင် မစိုက်ခဲ့ဘူး။

အဲဒီငါးလေးတွေကို လည်း နည်းနည်းမှ သနားတဲ့စိတ်မျိုး မင့်မဖြစ်ခဲ့ဘူး။တစ်ကောင်ပြီးတစ်ကောင် မျက်လုံးလေးတွေ ဖေါက်ဖေါက်ထုတ်ပြီး ရေထဲပြန်လွှတ်နေတာကို မင့်စိတ်ထဲမှာ ပျော်တောင်နေခဲ့မိသေးတယ်။

မင့် အရွယ်ရောက်လာလို့ အိမ်ထောင်ပြုဖြစ်တော့လည်း မင့် တို့လင်မယား ၀က်မွေးဝက်သတ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုလာခဲ့တယ်။

အိမ်ထောင်ရှင်မဘ၀မှာလည်း မင့်ဟာ အချိန်ရရင် ၀က်ခြံကိုသွားပြီး မွေးထားတဲ့ ၀က်တွေကို စိတ်တိုင်းကျ သွားသွားပြီး ရိုက်နှက်နေရတာကို နှစ်သက်ပျော်ရွှင်နေမိခဲ့တယ်။ဝက်တွေနာလို့ အော်တဲ့အသံကို မင့်ကြားရတော့ မင့်ကြည်နူးနေမိခဲ့တယ်။
မင့်ရိုက်လို့ ၀က်တွေခြံထဲမှာအော်ရင် တခါတလေ မင့်တို့အိမ်နဲ့နီးနီးလေးနေတဲ့ မင့်မိခင်က လာအော်တော့မှ တုတ်လေးချပြီး
ဝက်ခြံကနေမင့် ပြေးထွက်လာတတ်ပါတယ်။

တရက်သော နံနက်ခင်းတခုမှာ မင့်အိမ်နီးနားချင်း အဖော်တွေနဲ့ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့လိုက်သွားခဲ့ရာက ဘုန်းကြီးပေးတဲ့ ငါးပါးသီလခံယူရင်း ငါးပါးသီလရဲ့ အဓိပါယ်ကှို မင့်နားလည် သဘောပေါက်ခဲ့တယ်။

ဘုန်းကြီးကျောင်းက မင့်ပြန်ရောက်လာတော့ ငါးပါးသီလရဲ့ အနက်အဓိပါယ်ကို လေးလေးနက်နက် တွေးလေ သဘောပေါက်လာလေ သူတစ်ပါးအသက်ကို သတ်ခြင်း ဆိုတာကို မင့်တို့ လင်မယားနေ့တိုင်းလုပ်နေပါလားဆိုတာ တွေးမိလေ နားလည်ကြောက်စိတ်ဝင်လာလေမို့မင့် အပြင်သွားတဲ့ ယောကျာ်းဖြစ်သူ ပြန်အလာကို ထိုင်စောင့်နေခဲ့ပါတယ်။

မင့်ယောကျာ်းပြန် ရောက်လာတော့ ဒီဝက်သတ်တဲ့ အလုပ်တွေ မလုပ်ပဲ အခြားအလုပ်ပြောင်းလုပ်ဖို့ ယောကျာ်းဖြစ်သူကို မင့်ပူဆာခဲ့တယ်။

မင့် ယောကျာ်းက လည်းသဘောတူခဲ့ပါတယ် ။ဒါပေမယ့် ခုကျန်နေတဲ့ ၀က်တွေကို ဒီည နောက်ဆုံးပေါ်မယ်လို့ မင့် ယောကျာ်းက ပြောတော့ မင့်လည်း သဘောတူခဲ့ပါတယ်။

ညဆယ်နာရီလောက်ရောက်တော့ မင့်ယောကျာ်း ၀က်ပေါ်ဖို့ ခြံထဲကို ဆင်းတယ်။ မင့်လည်းလိုက်သွားဖို့ ပူဆာခဲ့မိတယ် ။မင့်ယောကျာ်းက ညနက်နေပြီ မလိုက်ဖို့ တားခဲ့ပေမယ့် နောက်ဆုံးညပဲ လိုက်ခဲ့ပါရစေလို့ ခွင့်တောင်းပြီး လင်ဖြစ်သူနဲ့ မင့်လိုက်ခဲ့မိတယ်။

ဝက်ခြံထဲ ရောက်တော့ ၀က်တွေကအော် မင့်ယောကျာ်းလည်း ရဲဒင်းကြီးကိုင်ပြီး ၀က်သတ်ဖို့လုပ်နေတုန်း မင့်က ၀က်ခြံထဲက ခုံတန်းရှည်မှာ ထိုင်ပြီးယောကျာ်းဖြစ်သူု ၀က်သတ်မှာကို ထိုင်စောင့်နေပါတယ်။

မင့်ယောကျာ်း ရဲဒင်းကိုအားနဲ့မပြီး ၀က်ခေါင်းကို တအားထုလိုက်တော့ ၀က်အော်သံတွေလည်း ဆူညံနေခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲဒင်းကပြုတ်ထွက်ပြီး နောက်နားမှာ ထိုင်နေတဲ့မင့်ကို လာထိမိတာ သူမသိပဲ ပြုတ်ထွက်သွားတဲ့ သူ့ရဲဒင်းခေါင်းကို လိုက်ရှာနေတော့တယ်။

ရဲဒင်းခေါင်းထိမိလို့ ထိုင်ခုံမှာ မျက်လုံးကိုလက်နဲ့အုပ်ပြီး သွေးစွန်းနေတဲ့ မင့်ကို မြင်တော့မှ မင့်ယောကျာ်း အလန့်တကြားမင့်နားကို ပြေးလာခဲ့ပါတယ်။

မင့်မျက်လုံးတွေ ကန်းပါပြီ ကယ်ပါဦး နာတယ်နာတယ် အော်ပြီး သွေးတွေကို အလန့်တကြားကြည့်ရင်း မင့်အဆက်မပြန်အော်နေသလို ခြံထဲက ၀က်တွေလည်း ကြောက်အားလန့်အားနဲ့ အော်သံတွေ ဆူညံနေပါတော့တယ်။

အဲညက ညတော်တော်နက် နေပြီမို့ဆေးရုံသွားဖို့လည်း အဆင်မပြေတာမို့ မင့်တို့ လင်မယား နှစ်ယောက်ဟာ သူတို့အိမ်လေးမှာပဲ မင့်မျက်လုံးကို ယောကျာ်းဖြစ်သူက ရေခဲအုပ်ပေးပြီး မိုးအလင်းကို စောင်ဖို့မင့်ကို အားပေးနေခဲ့ပါတယ်။

မင့် မျက်လုံးတွေ ကိုက်လှပြီ နာလှပြီ ခုညတွင်းချင်းပဲ ဆေးရုံကို ပို့ပေးပါလို့ ယောကျာ်းဖြစ်သူကို ပူဆာပေမယ့် ဆေးရုံလာဖို့ ငွေကြေးကစ ညတွင်းကြီးမှာ အဆင်မပြေလို့ မင့်တညလုံး မျက်လုံးကိုက်ဒဏ်တွေကို ညည်းညူရင် ညကို ခက်ခဲစွာကျော်ဖြတ်ခဲ့ရပါတယ်။

မနက်မိုးလင်းလို့ ဆေးရုံရောက်ချိန်မှာ ဆရာဝန်တွေက မင့်ညာဘက်မျက်လုံးတခုလုံးက ကြေကုန်ပြီမို့ ထုတ်ပစ်မှပဲ ရတော့မယ်တဲ့ ။အရမ်းကိုက်လွန်းနေတဲ့ ဒဏ်ကြောင့် မင့်လည်း မျက်လုံးကို ထုတ်ပစ်ဖို့ သဘောတူခဲ့ပြီး ညာဘက်မျက်လုံး ဆုံးရှုံးခဲ့ရပါတယ်။

ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းရင်း မင့် ဆယ်နှစ်သမီးတုန်းက သူငယ်ချင်းမတစ်ယောက်နဲ့ ၄ားမျှားခဲ့တဲ့ ရက်လေးကို တရေးရေး မျက်လုံးထဲ ပြန်မြင်လာပြီး ၀ဠ်ဆိုတာ ဘ၀မကူးခင်မှာတောင် ပြန်လည်ပါလားဆိုတာ မင့် တွေးမိခဲ့ပါတယ် ။

သံသရာ ဆိုတာကိုလည်း တကယ် ယုံကြည်လက်ခံမိခဲ့ပြီမို့ ဆေးရုံကဆင်းလာပြီးနောက်ပိုင်း မျက်လုံးတစ်ဘက်ပဲ ကျန်တော့တဲ့ မင့်ဟာ ခုတော့ အသက် လေးဆယ်ဝန်းကျင်ရှိနေပြီး မင့်တို့လင်မယားဟာ ခုဆို ကောင်းရောင်းကောင်းဝယ်နဲ့ ပဲအသက်မွေးဝမ်းကျောင်းပြုပြီး နေကြပါတော့တယ်။

လူပျင်းလေး အလုပ်ရှုပ်နေတယ်

ဘလောဂ်လေး ဖုန်တက်နေသည် ။
ရောက်လာတဲ့ သူငယ်ချင်းတွေကိုလဲ အားနာပါသည် ။ကြိုးစားပြီးတော့လည်း ရေးပါဦးမည်။
ရေးမယ်ဆိုတဲ့ စိတ်နဲ့ နေ့တိုင်း ဘာတွေ လုပ်နေမှန်းကို မသိတော့ပါဘူး ။
တစ်ရက်တစ်ရက် ဘာတွေ ရှုပ်နေမှန်း မသိအောင် ပါပဲ တစ်ယောက်တည်း မအားဘူးဖြစ်နေတယ်။
ရေးမယ် ဆိုပြီးထိုင်လိုက်ရင်လဲ ဘယ်ကစရမှန်း မသိတာနဲ့ သူများဘလောဂ်တွေ ၀င်လည်ရင်း အချိန်တွေက ကုန်သွားပြန်ရော။
အချိန်တွေကလဲ ကုန်မြန်လိုက်တာ နော်။
 
....../******EOT*******/..........