...::: အလည် ရောက်လာသော မိတ်ဆွေ သူငယ်ချင်းများ အေးချမ်း ပျော်ရွှင်ကြပါစေ :::...

သားသမီး ရတနာ လေးတွေ ဖြစ်ကြပါစေ.....

ချွေးတွေစို့နေတဲ့ တီရှပ်အကျီ်နဲ့ ဘောင်းဘီတို ခပ်နွမ်းနွမ်းဝတ်ထားတဲ့ အသက်၂၉ နှစ်အရွယ် ကောင်လေး တစ်ယောက်ဟာ လမ်းပေါ်မှာ စွန့်ပစ်သွားတဲ့ ရေသန့်ဗူးတွေကို ကောက်ရင်း တွန်းလှည်းပေါ်တင်လိုက် သွားလိုက်နဲ့ ကုံးကုံးဂွဂွ တစ်ယောက်တည်း အလုပ်ရှုပ်နေပါတယ်။

မနက်မိုးလင်းတည်းက လက်တွန်း လှည်းလေးတွန်းရင် တစ်လမ်းဝင် တစ်လမ်းထွက် ရေသန့်ဗူးခွံ ၊ကြက်ဖာ သံဗူးခွံ တွေ တွေ့သမျှ နေရာကကောက်ရင်း ညနေစောင်းမှာတော့ အဲဒီလူရွယ်လေးဟာ ဘဏ်တခုရဲ့ရှေ့နားမှာ လှည်းလေးကို ရပ်ရင်း အဲဒီဘဏ်ထဲကို လှမ်းဝင်သွားခဲ့ပါတယ်။

ငွေအပ်ငွေထုတ်သူတွေနဲ့ ဘဏ်ဝန်ထမ်းတွေ ရှုပ်ယှက်ခတ်နေတဲ့ အဲဒီဘဏ်ထဲ သူရောက်သွားချိန်မှာတော့ ၀န်ထမ်းအချို့က ပြုံးပြုံးလေးနဲ့ သူကို့ ရေသန့်ဗူး ကမ်းပေးသူက ကမ်းပေး ကြတယ်။

လူတွေ အချို့ကလည်း စူးစူးစမ်းစမ်းလေးနဲ့ သူ့ကို ကြည့်သူတွေက ကြည့်နေပေမယ့် သူကတော့ ဘာကိုမှ ဂရုမပြုအားနိုင်အောင် ရလာတဲ့ရေသန့်ဗူးလေးကို သယ်လိုက် အပြင်မှာရပ်ထားတဲ့ သူ့လက်တွန်း လှည်းလေးပေါ် သွားတင်လိုက် တယောက်တည်း အလုပ်ရှုပ်နေပါတော့တယ်။

ရေသန့်ဗူးလေးသယ်ပြီးတော့ သူက လူတွေ ငွေထုတ်ငွေသွင်းတဲ့ ဘဏ်ကောင်တာရှေ့နားမှာ ရစ်သီရစ်သီ သွားရပ်နေပြန်တော့ လူအချို့က အကြည့်တွေ အမျိုးမျိုးနဲ့ သူ့ကို ထူးဆန်းစူးစမ်းကြည့် နေကြပါတယ်။

သူ့လက်လေးထဲမှာတော့ ထိုင်းဘတ် ၂၀တန်လေးတစ်၇ွက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဇဝေဇ၀ါနဲ့ ဘယ်အချိန်မှာ ဘဏ်ဝန်ထမ်းတွေ သူ့နာမည်ကို ခေါ်မလဲဆိုပြီး အားကိုးတကြီးလေး နဲ့ဘဏ်ကောင်တာလေးက တာဝန်ရှိတွေကို လှမ်းလှမ်းကြည့်နေပါတယ်။
ခဏလေး သူရပ်နေတုန်းမှာ ဘဏ်ဝန်ထမ်းမလေးက “ရိုင် အဲဒီမှာ တိုကင်ပြားလေး ဖြတ်လိုက်ဦး ပြီးရင် ဒီမှာလာတန်းစီနော်” လို့ပြောတော့မှ တိုကင်ပြားလေး သွားဖြတ်ပြီး လူတွေကြားမှာ ယောင်နနလေး သွားပြီး ရိုင် ရပ်နေပါတော့တယ်။

သူ့အလှည့်ရောက်တော့ လက်ထဲမှာ ကိုင်ထားတဲ့ ၂၀တန်လေးကို ဘဏ်ဝန်ထမ်းမလေး လက်ထဲ အပ်ပြီး ဘဏ်ဝန်ထမ်းလက်မှတ်ထိုးခိုင်းတဲ့နေရာ လက်မှတ်ထိုးပြီး တုတ်တုတ်လေး ကောင်တာရှေ့က ရိုင် ထွက်လာခဲ့ပါတယ်။

တရက်တာ လုပ်ငန်းလေး ပြီးသလိုမျိုးလေး လက်တွန်းလှည်း လေးတွန်းပြီး သူ့အိမ်ပြန်လမ်းမှာ လူတွေ အချို့က သူ့ကို ရေသန့်ဗူးခွံ ၊ကတ်ထူပြား ၊သံဗူးခွံတွေ စောင့်ပေးတာကို ပြုံးပြုံး ပြုံးပြုံးနဲ့ လှည်းပေါ်တင်လိုက် ဆက်လျှောက်လိုက်နဲ့ တချို့လူတွေကလဲ ရိုင်ကိုနတ်စင် တလျှောက်တင်ထားတဲ့ ဗူးခွံတွေ ယူဖို့ ပြောတာကို “မယူကောင်းဘူး” လို့ ပြန်ပြောပြီး မမောမပန်းနိုင်အောင် အိမ်ရောက်ဖို့ သူခရီးဆက်နှင်နေခဲ့ပါတယ်။

ရိုင်ဟာ သာမန်လူတန်းစားတွေ နေတဲ့ ဘန်ကောက်မြို့တနေရာက တိုက်တန်းလေးမှာ ၇ှိတဲ့ ၇ လွှာထပ်မှာ ရှိတဲ့ သူ့အိမ်ကိုလေးပေါ်ထိ ကတ်ထူကြက်ဖာဗူးတွေ ၊ရေသန့်ဗူးခွံ ၊ အချိုရည်ဗူးခွံတွေနဲ့ ပြည့်နေတဲ့ တွန်းလှည်းလေးကို ခက်ခက်ခဲခဲ သူနဲ့ အတူ ဆွဲတက်လာခဲ့ပါတယ်။

ရိုင်ရဲ့အိမ်ပေါက်ဝလေးမှာ တော့ အသက် ၇၅နှစ် အရွယ်လောက်ရှိတဲ့ အမယ်အိုလေးတစ်ဦးက ရိုင်ပြန်အလာကို ထိုင်စောင့်ပြီး မျှော်နေတာကို တွေ့ရပါတယ်။

သူကတော့ ရိုင်ရဲ့ မိခင်ဖြစ်ပြီး ရိုင်က သူအိမ်ပြန်ရောက်ချိန်မှာ သူ့တရက်စာ ဗူးခွံလေးတွေ ရောင်းရတဲ့ ၀င်ငွေကို အမေ့လက်ထဲ အပ်ပြီးဒီနေ့ ဘယ်လောက်ရတယ် ။ဘဏ်မှာ ဘယ်လောက်ထည့်ခဲ့တယ် ဆိုတာကို သူ့အမေနားထိုင်ကာ ရှင်းပြနေခဲ့ပါတယ်။
ပြီးရင်ရိုင်ဟာ သူ့ အိမ်ရဲ့ အခန်းတခုမှာ ဗူးခွံ၊ကတ်ပေါင်းစုံရောနှောပြီး ပုပ်နံ့သိုးနှံ့တွေရှိတဲ့ အခန်းမှာ သူသယ်လာတဲ့ လှည်းပေါ်က အရာတွေကို တွန်ချနေခဲ့ပါတယ်။

“ကျနော်က အလုပ်လုပ်တာနှေးတော့ အိမ်ပြန်ရောက်ပြီဆို ကောက်လာတဲ့ ဗူးခွံတွေ ကြက်ဖာတွေကို သီးသန့်ဖြစ်အောင် ပြန်ခွဲထားပြီး သူ့ဈေးနဲ့သူ ရောင်းနိုင်အောင် ပြန်ရွေးတယ်။အဲဒါမို့ ရလာတာတွေကို ဒီအခန်းမှာပဲ ဒီလိုလာလာစုထားတာ ” လို့ ပြောပြပါတယ်။
ဒါကြောင့် ရိုင်တို့ သားအမိအိမ်ရဲ့ ဧည့်ခန်းလေးဟာ အနံ့အသက်မကောင်းတဲ့ အမှိုက်ဗုံး အကြီးစား စွန့်ပစ်ရာနေရာလေး လိုဖြစ်နေပါတော့တယ်။

ရိုင်ဟာ သူရလာတာလေးတွေ လှည်းပေါ်က ချပြီးသွားပြီဆို သူ့ရဲ့လက်တွန်းလှည်းလေးကို သူ့အိမ်ရဲ့ အတွင်းခန်းလေးမှာ သွားထားပြီး ရေချိုးဖို့ စတင်ပါတယ်။

ရိုင်တို့သားအမိ ရေချိုးခန်းလေး တံခါးဘောင်အောက်ပိုင်းဟာဆို ဆွေးမြေ့ပြီး ပျက်စီးနေလို့ ရိုင်ရေချိုးတာကိုတ၀က်တပျက်လေး လှမ်းတောင် မြင်နေရပါတယ်။

ရိုင်ရေချိုးတယ်ဆိုတာ ရေလေးငါးဆယ်ခွက်လောက်လောင်းပြီး ဒီတိုင်းချွတ်ထားတဲ့ ခုနက အကျီအ၀တ်အစားကို လာပြန်ပြီး ၀တ်ဆင်လို့ ညနေစာ သားအမိထမင်းဝိုင်းလေး ကို စကြတာပါ။

ဒီဝတ်စုံကို ဒီလိုမလဲပဲ ဘာကြောင့်ဝတ်လဲလို့မေးတော့ ရိုင်က “ မလဲဘူး သီတင်းကျွတ်မှလှဲမယ် ။လူတယောက်က အ၀တ်အစားကို ၀ါကျွတ်မှ လှဲရတယ် ပြောပြထားလို့ ကျနော် မလှဲတာ ”ဟု မျက်နှာတည်လေးနဲ့ သူ့ကိုမေးသူကို တရိုတသေလေး ပြောပြပါတယ်။

ရိုင်ရဲ့အိမ်လေးမှာ ဘုရားစင်လေးနဲ့ယှဉ်ပြီး သူတို့နိုင်ငံ သားတွေ အထွတ်အမြတ်ထားကိုးကွယ်တဲ့ အရှင်ဘုရင်မင်းမြတ် ပုံကိုလည်း ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

အရပ်မမြင့်လွန်းတဲ့ ရိုင်ဟာ ဆံပင်ကဂုတ်ထောက်အောင်ရှည်နေပြီး ရိုင်ရဲ့နှာခေါင်းဘေး နှစ်ဘက်မှာ အမာရွတ်မဲမဲကြီး ဟာ အမတ်ရာလို စွဲနေတာကို တွေ့ရပါတယ်။

အဲဒီအမာရွတ်က ဘယ်လိုဖြစ်တာလဲလို့ မေးတော့ ရိုင်က “ ကျနော့် နှာခေါင်းက ပြားလွန်းတော့လေ အဲဒါ ကျနော် အားတဲ့ အချိန်ဆို နှာခေါင်းချွန်အောင် ဆွဲတာမို့ခုလို အမဲ အမာရွတ်ကြီး ဖြစ်နေတာပါ” လို့ ပြုံးပြုံးလေး ရှင်းပြပါတယ်။
ရိုင် ဘဏ်ကို နေ့တိုင်း တရက်ဘတ်၂၀ သွားသွားအပ်တာ ဘယ်နှစ်နှစ်ရှိပြီလဲလို့ မေးတော့ “၁၆ နှစ်ရှိပြီ ။ ခုဘဏ်ထဲမှာ စုထားတဲ့ ငွေက ၄ သောင်းကျော်ပြီ ။ တခါတလေလဲ ငါးဘတ်အပ်တယ် ။များသောအားဖြင့်တော့ ဘတ်၂၀ အပ်တယ်နေ့တိုင်း။ပိုမအပ်ဘူး ။ပိုအပ်ရင် ဘဏ်ကသူ့ငွေနဲ့ အတိုးလုပ်စားမှာ”ဟု ပြောပြသည်။

၁၆ နှစ်အတွင်း တရက်မှ မပျက်ကွက်ပဲ ဘဏ်ကို နေ့တိုင်းသွားအပ်တဲ့ ရိုင်ကို ခုလို ငွေအပ်ဖို့ ဘယ်သူသင်ပေးလဲမေးတော့ ရိုင်က “ရိုင် ပထမတန်းထိ ကျောင်းတက်ရတယ် ။အဲဒီပထမတန်းတက်တုန်းက ဆရာမက တရက်ငွေတဘတ်စုစုခိုင်းပြီး ဘဏ်ကို အပ်ဖို့ သင်ပေးခဲ့တယ် ။ အဲဒီ ဆရာမ နာမည်ကိုပဲသိတော့တယ် သူ့ရဲ့ (Family Name)ကိုတော့ မမှတ်မိတော့ဘူး” လို့ပြောပြပါတယ်။

ရိုင်ရဲ့ ပထမတန်းတုန်းက ဆရာမက “ရိုင်ဟာ အတန်းထဲမှာ အခြားကလေးနဲ့ မတူပါဘူး ။သူက အခြားကလေးတွေထက် နားလည်တာ တတ်တာ နှေးတယ် ။ စကားပြောရင်လည်း အခြားကလေးတွေ လို မသွက်ပေမယ့် သူက စကားနားထောင်တဲ့ ကလေး အခြားကလေးနဲ့ မတူဘူး။ဒါကြောင့် အတန်းထဲမှာ သူ့ကို တရက် ပိုက်ဆံ တဘတ်နေ့တိုင်း အပ်မလားမေးတော့ သူကအပ်မယ်တဲ့ ။အဲတုန်းက ဘဏ်ဆိုတာ သိပ်မသိသေးတဲ့ အချိန်မှာ ကျမက သူ့ရဲ့ တစ်ပတ်စာ ကျမနားစုထားတဲ့ သူ့ငွေလေးကို တပတ်တခါ ဘဏ်မှာ လာထည့်ပေးခဲ့တယ် ။အဲကစပြီး သူ့ကို ဘဏ်မှာ ငွေစုဖို့ ပြောပြပြီး သူက နားထောင်ပြီး စုနေခဲ့တာပါ”ဟုပြောသည်။

စုထားတဲ့ ငွေတွေက ခုလေးသောင်းကျော်နေပြီဆို ရိုင်က အဲဒီငွေတွေ ဘာလုပ်မလဲလို့ မေးတော့ ရိုင်က“အမေ့မှာ အဆုပ်ရောဂါနဲ့ သွေးတိုးဆီးချိုရောဂါရှိတယ် ။အဲဒီ အမေ့ရောဂါတွေကုဖို့အတွက် ငွေတွေ စုနေတာ”ဟု ပြောပြခဲ့ပါတယ်။

အတန်းပညာမရှိပေမယ့် ၀မ်းစာတွက် ဗူးခွံလေးတွေ ကောက် ရောင်းပြီး ရိုးသားအေးချမ်းစွာ အသက်မွေးတဲ့ ရိုင်ကို “အခြား အလုပ်တွေ အများကြီးရှိတယ်။ငါးဖမ်း အသားရောင်း တချို့ဆို မရှိရင်ခိုးတာမျိုးတွေ လုပ်ပြီး အသက်မွေးကြတယ် ။ရိုင်က ဘာလို့ ဒီလောက်ပင်ပန်းတဲ့ အမှိုက်ကောက်တာကို လုပ်လဲ”မေးတော့

ရိုင်က “အဲဒီအလုပ်တွေက မလုပ်ကောင်းဘူးလို့ ”တိုတိုတုတ်တုတ် နဲ့ ချက်ချင်းပြန်ဖြေခဲ့ပါတယ်။
ဘဏ်ဝန်ထမ်းတွေက စိတ်ဝင်စားစရာကောင်းတဲ့ ရိုင်အကြောင်းပြောပြလို့ ထိုင်းTVချာနယ် (၅) က ရိုင်ကို လိုက်လံကြည့်ရှု စုံစမ်းရာက သူ့ရဲ့ တနေ့တာလုပ်ငန်းရဲ့ အသက်မွေးဝမ်းကြောင်းမှုကစ ဘ၀အစုံ ကို ခုလို သိလာခဲ့ရတာဖြစ်ပါတယ်။

အတန်းပညာ အရည်အချင်းမရှိ ဦးဏှောက်ဥာဏ်ရည် အလုပ်လုပ်ရာမှာ အခြားလူတွေ ထက်နှေးကွေးတဲ့ ရိုင်ရဲ့ မိဘပေါ် ရိုသေ မြတ်နိး လုပ်ကိုင်ကျွေးမွေးမှုကို ၀မ်းသာဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ ဘဏ် စုငွေထဲမှာ ဘတ် တစ်သောင်းကျော် ၄င်းထိုင်းချာနယ် ကချီးမြှင့်ခဲ့ပါတယ်။

ရိုင်ဟာ သူဘာပဲ လုပ်လုပ် ဘဏ်မှာ ငွေဘယ်လောက်စု ဘယ်လောက်ရှိတာကစ သူ့မိခင်ကို ပြောပြ အသိပေးတတ်လေ့ရှိပြီး ဘဏ်စာအုပ်ကိုလဲ သူ့ဘောင်းဘီရဲ့ဘေးအိတ်လေးမှာ အမြဲထည့်ထားကာ ဂရုစိုက်နေလေ့ရှိပါတယ်။

ထိုင်းTVချာနယ်(၅)က ရိုင်ကို သူ့အိမ်လေးမှာရှိတဲ့ အမှိုက်တွေကို ရှင်းထုတ်မှ သူ့အမေရဲ့ အဆုတ်ရောဂါဟာ သက်သာပါမယ်။လေကောင်းလေသန့်တွေ မရတော့ အမေ့ရောဂါ ပိုဆိုးလာမယ်လို့ ချော့မော့ ပြောပြီး သူ့အိမ်လေးကို ပြင်ဆင်ပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။

၎င်းထိုင်းTVချာနယ်(၅) က ရိုင်ရဲ့ ညစ်ပတ် ပေတေနေတဲ့ အိမ်လေးက အမှိုက်ပုံတွေကို ၈ နာရီကြာ ၀န်ထမ်း လေးငါးယောက်နဲ့ သန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်။

ရိုင်တို့သားအမိအတွက် အိပ်ခန်း ၊မီးဖိုဆောင် ၊ဧည့်ခန်း ၊ရေချိုးခန်း ကအစ အိမ်ထောင်ပရိဘောက အပြည့်အစုံကို ၀ယ်ပေးပြီး ရိုင့်ကိုလည်း အ၀တ်အစားသစ် နဲ့ ဆံပင်တွေ ညှပ်ပေးပြီး သပ်သပ်ရပ်ရပ်နေဖို့ ရိုင်ကိုတောင်းဆိုတော့ သူက ခေါင်းငြိမ့်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့မှိုက်ထည့်တဲ့ လက်တွန်းလေးကိုတော့ သူ့ရဲ့ အိမ်တွင်းမှာ မထားဖို့ တောင်းဆိုပေမယ့် ရိုင်က ငြင်းဆန်ခဲ့ပြီး ဧည့်ခန်းမှာ လက်တွန်းလှည်းလေးကို ခုချိန်ထိ ထားမြဲထားဆဲ ပဲဖြစ်ပါတယ်။

ပညာတတ်လူချမ်းသာ အချို့တွေက မိဘကို ချစ်မြတ်နိးပြီး ခုလို မွေးကျေးဇူး ဆပ်ဖို့ထက် မိဘဆီက အမွေအနှစ်ကိုမျှော်ကိုးပြီး မောင်နှမခြင်းစိတ်ဝမ်းကွဲ နေတတ်တာကို တွေ့ရတတ်ပါတယ်။ ရိုင်လို သားရတနာ လေးက မိဘတွေအတွက် မရှိမဖြစ် တကယ် လိုအပ်တာ အမှန်ပါပဲ။

ထိုင်းTVချာနယ်(၅)မှ လွင့်ထုတ်တဲ့ ဖြစ်ရပ်မှန် အကြောင်းအရာလေးကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထား ပါတယ်။
ရိုင်ဆိုတာ နာမည်ရင်းမဟုတ်ပါ။ စာရေးသူမှ ပေးထားတဲ့ နာမည်သာ ဖြစ်ပါတယ်။

0 အားပေးစကား:

Post a Comment

 
....../******EOT*******/..........